





























တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးရရှိဖို့ အရေးကြီးဟု ကျောက်ဆည်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဆို
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၈
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးရရှိဖို့ အရေးကြီးဟု ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစိုးထွန်းက ဆိုသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အင်တိုင်းကျေးရွာမှာ ဒီဇင်ဘာလ ၇ ရက်တွင် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစိုးထွန်းက ယင်းသို့ပြောကြားခဲ့တာ ဖြစ်ပါတယ်။
” ကျွန်တော်တို့ အင်တိုင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ဖို့ အချင်းချင်းစည်းလုံးညီညွတ်ငြိမ်းချမ်းနေဖို့ လိုသလို ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ငြိမ်းချမ်းရေးရဖို့ အရေးကြီးတယ်။ တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ စည်းလုံးညီညွတ်ဖို့ လိုတဲ့အတွက် အဲ့ဒီဟာကို ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဆောင်ရွက်သွားမယ်” လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးစိုးထွန်းက ပြောပါတယ်။
မိမိတို့ ပြည်သူတွေရဲ့ဘဝ ပိုပြီး လုံခြုံလွတ်လပ်ဖို့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ၊ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမည်ဖြစ်သလို ပြည်သူတွေရဲ့ စားဝတ်နေရေး ဖူလုံဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဒီထက်ပိုများအောင် ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်ပေးမည်ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးစိုးထွန်းက ဆိုပါတယ်။
ဒါ့အပြင် တိုင်းပြည်မှာ ကုန်စျေးနှုန်းတွေ ကျဆင်းဖို့၊ တည်ငြိမ်ဖို့နဲ့ ဖွံ့ဖြိုးလာဖို့အတွက် ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးတွေ ပိုပြီးကောင်းရန် လိုအပ်တဲ့အတွက် ထိုကဏ္ဍကိုလည်း ပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးဖြစ်လာရန်အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးစိုးထွန်းက ပြောပါတယ်။
“ ဒီနေ့ ရွေးကောက်ပွဲ ကျင်းပရတဲ့ အခြေအနေကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ မညီမညွတ်မှု အခြေအနေတွေကို မြန်မြန်ရပ်တန့်ချင်လို့ ရွေးကောက်ပွဲကို လုပ်ရခြင်းဖြစ်တယ်။ အဲ့တော့ နိုင်ငံတော် အကြီးအကဲတွေကလည်း ဒီရွေးကောက်ပွဲ မြန်မြန်လုပ်ပြီးမှပဲ ကျွန်တော်တို့နိုင်ငံ အခု အကြပ်အတည်းတွေကနေ အထိုက်အလျောက် လျော့ပါးပြီးတော့မှ ပိုမိုကောင်းအောင် သွားနိုင်မယ်လို့ သူတို့ ယုံကြည်လို့ ရွေးကောက်ပွဲကို အလျင်အမြန် ကျင်းပပေးခြင်း ဖြစ်ပါတယ်” လို့ ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးညီညီလတ် က ပြောပါတယ်။
ယခုရွေးကောက်ပွဲမှာ မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဖို့ လိုအပ်ပြီး ရန်ဖြစ်နေလို့ ဘာမှအကြောင်း မထူးပါဘဲ မိမိတို့အချင်းချင်း သတ်ဖြတ်နေကြခြင်းကြောင့် သေဆုံးကြသူများသည် မိမိတို့နိုင်ငံသားများသာ ဖြစ်တဲ့အတွက် ထိုကိစ္စကြီးကို ရပ်တန့်ပစ်ဖို့ လိုအပ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိ ရန်ဖြစ်လာခြင်းဟာ လုံလောက်ပြီလို့ ထင်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးညီညီလတ် က ဆိုသည်။
“ ကျွန်တော်တို့ ပြန်ပြီးတော့မှ ညီညီညွတ်ညွတ်နဲ့ ပြန်ပြီး တည်ဆောက်ဖို့လိုတယ်။ ကျွန်တော်တို့က ကောင်းမွန်တဲ့ အခြေအနေ သွားသွားလာလာလုပ်တဲ့ ခေတ်ကိုလည်း ဖြတ်သန်းခဲ့ပြီးပြီ။ အခု ရေဘေး၊ ငလျင်ဘေး၊ စစ်ဘေး၊ ဘေးပေါင်းစုံကိုလည်း အခု ဖြတ်သန်းနေတယ်။ အဲ့ဒီတော့ ကောင်းတာတွေရော၊ မကောင်းတာတွေေရော၊ ကျွန်တော်တို့က ဖြတ်သန်းပြီးပြီ။ ကျွန်တော်တို့နောက်က မျိုးဆက်တွေကကျတော့ ကောင်းတဲ့ထဲ ရောက်နေလား၊ ဆိုးတဲ့ထဲ ရောက်နေလား။ သူတို့ ကောင်းတဲ့နေရာကို။ ကောင်းတဲ့အခြေအနေကို ဖြတ်သန်းဖို့အတွက် ကျွန်တော်တို့က အနစ်နာခံပြီး တည်ဆောက်ဖို့ လိုအပ်နေတယ် ” လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးညီညီလတ် ဆိုပါတယ်။
အဆိုပါ အခမ်းအနားမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျောက်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြင့်သန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားပြုပြီး ကျောက်ဆည်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲဆန္ဒရှင်ပြည်သူတွေနဲ့ မိတ်ဆက်တာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းက မဲပေးရွေးချယ်ရေးဆိုင်ရာတွေကို ရှင်းလင်းတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
Myanmagon