နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားကိုရန်ကုန်မြို့၊တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တွင်ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ရာနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင် တန်းကျောင်း(မှော်ဘီ) ခေတ္တကျောင်းအုပ်ကြီးနှင့် မှော်ဘီတပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့် တော်များ တက်ရောက်ကြပါတယ်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြပါတယ်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည်ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ဆွေဇင်ဖြိုးဝေ အား အကောင်းဆုံး ဗိုလ်လောင်းဆုပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကသင်တန်းဆင်းမိန့်ခွန်းပြောကြားပါတယ်။
မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန်အချိန်တန်ပြီဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် မိဘများကိုတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားပါတယ်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းသွန်သင်ပေးခဲ့သည့် မိဘဆရာသမားများ၏ ကျေးဇူးကိုမမေ့ရန်နှင့် မိသားစုမှ ဂုဏ်ယူရသည့်၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့် တပ်မတော်အရာရှိကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်း၊ ထူးချွန်ဆုများရရှိပြီး သင်တန်းဆင်းခဲ့ကြသူများဖြစ်သဖြင့် မိမိတို့တွင်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက်ပျက်ရအောင် စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးလမ်းတွင်လည်း မိမိကိုယ်ကို တန်ဖိုးထား၍ ထိန်းထိန်းသိမ်းသိမ်းနေထိုင်ပြီး မိမိတို့တာဝန်ကျသည့် မည်သည့်နယ်ပယ်တွင်မဆို တိုင်းပြည်ကောင်းရာကောင်းကျိုးကို အကျိုးပြုနိုင်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Myanmagon(Sn)





