








KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၂၀ လုံး ထပ်မံဖြိုချဖျက်ဆီး၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်တွင် အွန်လိုင်း လိမ်လည် လောင်းကစားမှုကျူးလွန်သူများ ထပ်မံဖမ်းဆီးရမိ
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေ ကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ ရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံး ပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ် တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင် ရွက်လျက်ရှိပါတယ်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်း ကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင် ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော် သလေး (KK Park) နယ်မြေအတွင်းရှိအွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ် အဆောက်အအုံ ၂ လုံး၊ ၂ ထပ်အဆောက် အအုံ ၁၅ လုံးနှင့် ၁ ထပ် ဂိုဒေါင်အဆောက်အအုံ ၃ လုံး၊ စုစုပေါင်းတရားမဝင်အဆောက် အအုံအလုံး ၂၀ ကို ထပ်မံဖြိုချဖျက်ဆီးခဲ့ သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၃၈၁ လုံးကို စနစ်တကျဖြိုချ ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရပါတယ်။
ထို့ပြင် မြဝတီမြို့၊ ရွှေကုက္ကိုလ်နယ်မြေ နှင့် KK Park နယ်မြေများ၌ ဖမ်းဆီးရမိ ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ သား ၇၁ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၄၂ ဦး၊ အီဂျစ်နိုင်ငံသား ၁ ဦးနှင့် ရဝမ်ဒါနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၁၅ ဦး တို့ကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိ သည့် တရားမဝင်ပြည်ပနိုင်ငံသားများကို လည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း ပေးနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း ထားရှိကြောင်း သိရှိရပါတယ်။
ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက် အအုံများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာလ ၈ ရက်မှ စတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက် ခဲ့ရာ ယနေ့တွင်လည်း အဆောက်အအုံ ၄၈ လုံး ထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါ အဆောက်အအုံများအနက်မှမြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ ရွှေတောင်(၂)လမ်းရှိ အဆောက်အအုံ ၁ လုံး အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့် လောင်းကစား ခုံ ၄ လုံးနှင့်အတူ တရားမဝင် အီသီယိုးပီးယားနိုင်ငံသား အမျိုးသား ၄ ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။
၎င်းအပြင် မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ ကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ် ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
#Myanmagon(SN)