




နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၇) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်
မြန်မာ့ဂုဏ် ဇန်နဝါရီ ၂၂
လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၇)ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားပါတယ်။
အဆိုပါအခမ်းအနားသို့ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်ထွန်းဝင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများ၊ နည်းပြဆရာများ၊ ကျောင်းဆင်းလေသူရဲအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။
ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူ ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြပါတယ်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးပါတယ်။
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(လေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြပြီး နည်းပြလေသူရဲများက အမောင်းသင် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အုပ်ဖွဲ့ပျံသန်းအလေးပြုကြပါတယ်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) က လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၇)မှ ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းပါတယ်။
၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) က စံပြလေသူရဲဆုရ လေ ၄၆၁၁ ဗိုလ် ဇေယျာလင်းမောင်၊ လေယာဉ်မောင်းထူးချွန်ဆုရ လေ ၄၆၀၆ ဗိုလ် ပိုင်ခန့်ဟိန်း စာပေထူးချွန်ဆုရ လေ ၄၅၄၅ ဗိုလ် ဘုန်းမင်းသူရိန်တို့အား ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပါတယ်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ်ဖြစ်လာစေရန်အတွက် တပ်မတော်(လေ)ရှိ ခေတ်မီလေယာဉ်/ရဟတ်ယာဉ်များကို ပျံသန်းမောင်းနှင်မည့်အရည်အချင်း၊ အရည်အသွေး ပြည့်မီသော လေသူရဲများမွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အတွက် မျိုးဆက်သစ်လေသူရဲများဖြစ်သည့် ရဲဘော်တို့ကို လေယာဉ်မောင်းသင်ကျောင်းမှ လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်(လေ)ရှိ ပျံသန်းရေးအုပ် အသီးသီးတွင် တန်ဖိုးကြီးမားသည့်အဆင့်မြင့် လေယာဉ်၊ ရဟတ်ယာဉ်များကို တာဝန်ယူပျံသန်း မောင်းနှင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စတင်ထမ်းဆောင်ရတော့မည်ဖြစ်ကြောင်း။
ပေးအပ်လာသည့် စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးဆိုင်ရာ ပျံသန်းရေးတာဝန်များကိုအောင်မြင်စွာထမ်းဆောင်နိုင်ရန်အတွက် မိမိကွပ်ကဲကြပ်မတ်ရသည့် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်၊ စွမ်းရည်နှင့် ကျွမ်းကျင်မှုတို့ကို စနစ်တကျစုစည်းပြီး ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လက်အောက်ငယ်သားများ၏ လုပ်ကိုင်နိုင်စွမ်းများကို ဦးဆောင်မြှင့်တင်ပေးရမည်ဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်းနှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စံနမူနာပြဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြရန်လိုကြောင်း၊ ရိုးသားဖြောင့်မတ်ပြီး လက်အောက်ငယ်သားများကို ကျောသားရင်သားမခွဲခြားဘဲ ညီညွတ်မျှတစွာ အုပ်ချုပ်သွားရန်လိုကြောင်း။
တပ်မတော်(လေ)သည် စတင်ဖွဲ့စည်းချိန်တွင် အခက်အခဲများစွာကြားက ယနေ့အထိ နိုင်ငံတော်၏ အန္တရာယ်ဟူသမျှကို ချေဖျက်ရင်း ကြံ့ကြံ့ခိုင်ခိုင် တိုးတက်ရပ်တည်နိုင်ခဲ့ခြင်းသည် စည်းကမ်းကို မဏ္ဍိုင်ပြုတည်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် ပျံသန်းရေးတာဝန်များ ထမ်းဆောင်ရမည့် လေသူရဲများအနေဖြင့် တစ်ကိုယ်ရေစည်းကမ်း၊ မြေပြင်စည်းကမ်းနှင့် ပျံသန်းရေး စည်းကမ်းစသည့် အခြေခံစည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာသွားရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ လေသူရဲတစ်ဦးအတွက် တစ်ကိုယ်ရေစည်းကမ်းသည် မိမိကိုယ်ကို အစဉ်တိုးတက်ဖို့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေပြင်စည်းကမ်းသည် ပျံသန်းမှုမစတင်မီ မြေပြင်တွင် လုပ်ဆောင်ရသည့် လုပ်ထုံးလုပ်နည်းများ၊ အဖွဲ့လိုက်ညှိနှိုင်းဆောင်ရွက်မှုများနှ့် စစ်ဆေးကြပ်မတ်မှုများကို တိကျစွာလိုက်နာခြင်းအားဖြင့် အဖွဲ့အစည်းတစ်ခုလုံး၏ ဘေးကင်းလုံခြုံမှုကို တည်ဆောက်ခြင်းဖြစ်ပြီး ပျံသန်းရေးစည်းကမ်းသည် ပျံသန်းရေးနှင့်သက်ဆိုင်သောစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာခြင်းဖြစ်ကြောင်း၊ ၎င်းစည်းကမ်းများကို အပြည့်အဝလိုက်နာခြင်းဖြင့် ပျံသန်းရေးတာဝန်များအပြင် ပေးအပ်လာသည့်တာဝန်အမျိုးမျိုးကို ထမ်းဆောင်ရာ၌ ဘေးကင်းလုံခြုံမှုနှင့် အောင်မြင်မှုများရရှိမှာဖြစ်ကြောင်း။
စိတ်ဓာတ်မြင့်မားကောင်းမွန်ရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန်ရန်အတွက် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာခြင်းသည် အထောက်အကူများစွာ ရရှိနိုင်သဖြင့် စာဖတ်သည့် အလေ့အကျင့်ကို တည်ဆောက်သွားကြရန်လိုအပ်ကြောင်း၊ မိမိကိုယ်တိုင်သာမက လက်အောက်တပ်ဖွဲ့ဝင်များကိုလည်း စာဖတ်ရန်နှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် အမြဲလေ့လာဆည်းပူးနေရန် ကြပ်မတ်သွားရမည်ဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှုရာတွင် စာအုပ်စာစောင်များအပြင် ခေတ်နှင့် အညီ Digital နှင့် Online Platform များကိုပါ အသုံးပြုလေ့လာကြရန် လိုအပ်ကြောင်း။
စွမ်းအားပြည့်ဝသော ခေတ်မီတပ်မတော်(လေ)ဖြစ်စေရေး လေယာဉ်/ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် လက်နက်စနစ်များကို ဝယ်ယူဖြည့်တင်းခြင်း၊ သုတေသနပြု ထုတ်လုပ်ခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း။ လေယာဉ်/ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များကို မောင်းနှင်ကိုင်တွယ်အသုံးပြုရမည်ဖြစ်သဖြင့် ခေတ်မီနည်းပညာ များကို တတ်သိကျွမ်းကျင်နေပြီး စွမ်းအားပြည့်ထိထိရောက်ရောက် အသုံးပြုတိုက်ပွဲဝင်နိုင်ရန် စဉ်ဆက်မပြတ်လေ့လာ၍ သင်ခန်းစာဖော်ထုတ်လေ့ကျင့်ပြင်ဆင်သွားရန် လိုအပ်ကြောင်း။
တပ်မတော်(လေ)အနေဖြင့် သမားရိုးကျစစ်ပွဲအပြင် သမားရိုးကျမဟုတ်သောစစ်ပွဲများနှင့် စိန်ခေါ်မှုများကို ခုခံတွန်းလှန်နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ဆတက်ထမ်းပိုး စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာပျံသန်းရေးအုပ်အသီးသီးတွင် ရောက်ရှိ တာဝန်ထမ်းဆောင်ရာ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးအတွက် လိုအပ်လာပါက ကျရာတာဝန်အသီးသီးကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်ရန် စစ်ရေးအသင့်အမြဲရှိနေအောင် လေ့ကျင့်ပြင်ဆင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားပါတယ်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာပါတယ်။
စစ်ရေးပြအခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ)သည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၊ လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်း ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် လေသူရဲအရာရှိများနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားပါတယ်။
ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းလေသူရဲအရာရှိများအား သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ်အမျိုးအစားအလိုက် ပျံသန်းရေးအုပ်များတွင် ဆက်လက်တာဝန်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ထို့နောက် ညပိုင်းတွင် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၇) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့်ဇနီး၊ ဒုတိယဗိုလ်ချူပ်ကြီး ကျော်ကိုထိုက်နှင့်ဇနီး၊ စစ်ဦးစီးအရာရှိချူပ်(လေ) ဗိုလ်ချူပ် ထွန်းဝင်းနှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်ဇနီး၊ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့်ဇနီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့်ဇနီးများ၊ နည်းပြဆရာများ၊ ကျောင်းဆင်းလေသူရဲအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်အဖွဲ့ဝင်များသည် ကျောင်းဆင်းလေသူရဲအရာရှိများနှင့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး တပ်မတော်(လေ) တေးဂီတအဖွဲ့၏ တေးသီချင်းများနှင့် တေးသရုပ်ဖော်အစီအစဉ်များဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပါတယ်။
ညစာစားပွဲအခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရပါတယ်။
Myanmagon(SN)