နိုင်ငံတော်အတွက် အမှန်တကယ်အလုပ်လုပ်မည့်သူများလိုအပ်ပြီး အခွင့်အရေးသမား နှင့် နေရာရရန်ကြိုးစားသူများ မလိုချင်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
နေပြည်တော် ၊ မတ် ၁၃
နိုင်ငံတော်အတွက်အမှန်တကယ် အလုပ်လုပ်မည့်သူများ လိုအပ်ပြီး အခွင့်အရေးသမားများနှင့် နေရာရရန် ကြိုးစားသူများ မလိုချင်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
မတ် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁) (MICC-1)တွင် ကျင်းပသည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ် (FORUM ON THE DAWN OF A NEW STATE)၌ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
” ဒီနေ့ဆွေးနွေးပွဲက တော်တော်ကို အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲလို့ ကျွန်တော်တို့ ပြောရလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ကတော့ တကယ်အလုပ်လုပ်တဲ့လူတွေ၊ အလုပ်လုပ်မယ့်လူတွေ လိုပါတယ်။ အခွင့်အရေးသမားတွေ၊ နေရာရဖို့ ကြိုးစားတဲ့သူတွေတော့ မလိုချင်ပါဘူး။ အနာဂတ်မှာ ဒီလို တကယ်လုပ်မယ့်သူတွေ၊ လူငယ်တွေ၊ ကျွန်တော် ပြီးခဲ့တဲ့ ဖိုရမ်မှာလည်းပြောပါတယ် လူငယ်တွေ နေရာပေးဖို့ လိုတယ်။ ကျွန်တော် ဒီလိုအလေးထား စဉ်းစားပါတယ်”ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တိုင်းပြည်တွင် ကျော်လွှားခဲ့ရသည့် သဘာဝဘေးအန္တရာယ် သုံးခုရှိပြီး ၂၀၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မပြီးစီးသေးဘဲ လာမည့်နှစ်အတွင်း အများအပြား လုပ်ဆောင်ရန် ကျန်ရှိသေးကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ” ဒါကြောင့် ကျွန်တော်တို့ ချွေတာရေးလမ်းကြောင်းကိုတော့ မဖြစ်မနေ လုပ်ရမှာဖြစ်တယ်။ ချွေတာဖို့ လိုပါတယ်။ အစစအရာရာ ငွေကြေး အသုံးအစွဲကနေစပြီး ဘာဖြစ်ဖြစ် ခြိုးခြံချွေတာဖို့ လိုပါတယ်။ စက္ကူသုံးတာကအစ စက်သုံးဆီသုံးတာအဆုံး ချွေတာဖို့လိုတယ်။ ထို့အတူပဲ လောင်စာဆီပြဿနာ၊ အခု အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လောင်စာဆီပြဿနာက ကျွန်တော်တို့အတွက် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က စုံ၊ မ ဆိုပြီးတော့ စပြီးလုပ်ပါတယ်။ ကျွန်တော်လည်း ဝိုင်းပြောကြတာပေါ့၊ ဒါပေမယ့် စုံ၊ မ လုပ်တဲ့ဟာ ကျွန်တော်တို့ နိုင်ငံက အခုမှ လုပ်တာ။ တရုတ်ဆိုရင် ပေကျင်းဆိုရင် ကြာပြီလုပ်နေတာ။ စင်ကာပူဆိုရင် ကြာပြီလုပ်နေတာ။ အမျိုးစုံ ပြင်ဆင်ပြီးတော့ လုပ်နေတာပဲ” ဟု ပြောကြားသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ ဖြစ်နေသည့် လောင်စာဆီပြဿနာသည် မိမိတို့အတွက် တိုက်ရိုက်သက်ရောက်မှု ရှိခြင်းကြောင့် စုံ၊ မ စနစ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းစနစ်နှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆောင်ရွက်ပေးစေလိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
” စွမ်းအင်ဝန်ကြီးက ကျွန်တော့်လာ သတင်းပို့တယ်။ ကျွန်တော် QR Code နဲ့ လုပ်မယ်။ လုပ်ပေါ့ QR Code နဲ့။ အခုလည်း Online မှာ ဆဲနေကြတာပဲ။ ဆိုလိုတာကတော့ ကျွန်တော်တို့က တစ်ခုခုလုပ်ပြီဆိုတာနဲ့ နိုင်ငံတော်ကို အပြစ်ပြောဖို့ပဲ ကြိုးစားတယ်။ ဘာ့ကြောင့်ဆိုတာတွေ မစဉ်းစားဘူး၊ ဒီလိုဖြစ်လာတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒါကို လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူကိုလည်း သိအောင် ဆောင်ရွက်ပေးစေလိုပါတယ်။ ပြည်နယ်နဲ့တိုင်းအသီးသီးက အကုန်လာကြတာ။ ခင်ဗျားတို့ လွှတ်တော်အစည်းအဝေးနားလို့ရှိရင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေ ပြန်ရောက်တဲ့အခါကျ ခင်ဗျားတို့ လုပ်ဖို့လိုပါတယ်။ ကျွန်တော် အခုပြောတဲ့ အချက်တွေကလည်း တကယ်ကို ကျွန်တော် ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းမှာ အခြေခံပြီး ပြောခြင်းဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မိမိတို့အနေနှင့် အသုံးများလည်း ချွေတာရန် လိုအပ်ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ယင်းကို အလေးထားစေလိုကြောင်းနှင့် တိုင်းပြည် မချမ်းသာခြင်းကြောင့် တက်နိုင်သလောက် ခြိုးခြိုးခြံခြံနှင့်လုပ်ရန်လည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁) (MICC-1)တွင် မြန်မာ့မျက်နှာစာသစ်ဖိုရမ် (FORUM ON THE DAWN OF A NEW STATE)ကို ၂၀၂၆ခုနှစ်၊ မတ်လ ၁၃ရက်နေ့နှင့် ၁၄ရက်နေ့တို့တွင် ၂ရက်တာကျင်းပသွားမည်ဖြစ်သည်။
#Myanmagon









