








ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
မြန်မာ့ဂုဏ် မတ် ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီးအား သတ္တမအကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနေမှုနှင့် ရင်ပြင် တော်ပေါ်ရှိ ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ပါတယ်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်တွင်းကုန်း လမ်းဆုံးအနီး၌ ဟံသာဝတီ ရှေးဟောင်းကျုံးဘေးနံရံ ဆလံလျော ဂဝံစီခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျုံးအတွင်း ရေဝင်ရေထွက် ကောင်းမွန်စေရေး ရေထွက်ပေါက်များ ပြန်လည်စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
၎င်းနောက် ကျောက်ကြီးစုရပ်ကွက် ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကုလားရိုက်ရိုး(၂.၂၅)မိုင် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်အတွင်းတူးဖော်ရသည့် လုပ်ငန်းဖြစ်၍ လူနေအိမ်ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးနှင့် ပဲခူးမြစ်အတွင်းသို့ ရေပြန်လည်ဆွဲထုတ်နိုင်ရေး သတ်မှတ်ဒီဇိုင်းများအတိုင်း စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ရန်ကုန်-မန္တလေး လမ်းကူးတံတား(အထက်/အောက်) ပဲခူးမြစ်ကမ်းပါးအား Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံ ၁၀၀၀ ပေ ပြုလုပ်တည်ဆောက်ခြင်းနှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေထိန်းနံရံများအား အောက်ခြေမြေထိန်းနံရံများနှင့် ခိုင်မြဲအောင်ချိတ်ဆက် ရန်၊ ပဲခူးမြစ်အတွင်း ရေစီးရေလာဟန့်တာနိုင်သည့် အတားအဆီးများ တစ်ပါတည်းဖယ်ရှား သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
၎င်းနောက် သိန္နီတံခါးပေါက်အနီး၌ ရှေးဟောင်းဟံသာဝတီမြို့ရိုး ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းမူလပုံစံ အတိုင်း ပြန်လည်တည်ဆောက်ရန်နှင့် မြို့ရိုးနှင့်ကျုံးပတ်လမ်းအကြား မြေယာအလှရှုခင်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၏ အထင်ကရဖြစ်သည့် ကမ္ဘောဇသာဒီနန်းတော်ကြီး ဘက်စုံအဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်လည်ပတ် သည့်နေရာဖြစ်၍ သန့်ရှင်းမှုအား အလေးထားရန်၊ Public Toilet များ အဆင့်အတန်း မီစေရေး ဆောင်ရွက်ရန်၊ ရာသီအလိုက် ပန်းရောင်စုံဖူးပွင့်စေရေး စနစ်တကျ စိုက်ပျိုးသွား ရန်နှင့် တူးဖော်ကုန်းများအလိုက် မည်သည့်အဆောက်အဦဖြစ်ခဲ့သည်ကို သက်ဆိုင်ရာ ရှေးဟောင်းပညာရှင် များ၏ အကြံဉာဏ်ရယူ၍ ရှေးမူမပျက် အဆောက်အဦပုံစံများ တည်ဆောက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
#Myanmagon