မြန်မာ့ဂုဏ် နိုဝင်ဘာ ၅
ဖိလစ်ပိုင်နိုင်ငံ၏ ကမ်းရိုးတန်းပြည်နယ်များတွင် အားကောင်းသော မုန်တိုင်းတစ်ခု မဝင်ရောက်လာမီ လူထောင်ပေါင်းများစွာသည် နိုဝင်ဘာလ ၃ ရက်တွင် ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းလျက် ရှိကြောင်းသိရပါတယ်။

ကာမယ်ဂီအမည်ရှိ အဆိုပါမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၀ ကီလိုမီတာရှိပြီး လေပြင်းတိုက်ခတ်နှုန်းမှာ ၁၅၀ ကီလိုမီတာအထိရှိမည်ဟု ခန့်မှန်းရကာ လေတေးကျွန်းကို ဦးစွာဝင်ရောက်မည်ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်တွင် လူပေါင်း ၆၀၀၀ ကျော်သေဆုံးခဲ့သည့် ဟိုင်ယန်မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရဖူးသည့် မြို့နယ်များအနေဖြင့် ယခုအခါ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေရပါတယ်။
ထို့ပြင် မုန်တိုင်းကြောင့် ပင်လယ်လှိုင်းများသည် ၃ မီတာအထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသဖြင့် နိုဝင်ဘာလ ၂ ရက်မှစ၍ လူထောင်နှင့်ချီ ရွှေ့ပြောင်းပြီးဖြစ်ကာ အချို့ဒေသများတွင် ဒေသခံများကို ဖိအားပေးရွှေ့ပြောင်းခိုင်းရတယ်လို့ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မုန်တိုင်းအလုံး ၂၀ ခန့် ဝင်ရောက်လေ့ရှိသည့် နိုင်ငံဖြစ်သည်။ ယခုဝင်ရောက်တိုက်ခတ်သည့် ကာမယ်ဂီမုန်တိုင်းသည် ယခုနှစ်အတွက် အကြိမ် ၂၀ မြောက်မုန်တိုင်းဖြစ်ကာ ဒီဇင်ဘာလကုန်အထိ နောက်ထပ်မုန်တိုင်းသုံးလုံးမှ ငါးလုံးအထိ ဝင်ရောက်နိုင်သေးသည်ဟု မိုးလေဝသဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
#Myanmagon