မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ် စက်တင်ဘာလ ၁၂ ရက် ဒီနေ့မှာ NUG ရဲ့ ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ ) တာဝန်ခံတစ်ဦး သေနတ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဦးမင်းသန့် ပစ်ခတ်ခံရတာဟာ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ မကျီးကန်-လှတော စစ်အုပ်စုရှောင်ကွင်းလမ်းမှာ ချောင်းမြောင်းပစ်ခတ်ခံရတာဖြစ်ပြီး အခုချိန်ထိပစ်ခတ်သွားသူကို မမိသေးဘူး အဖွဲ့ဝင်အချင်းချင်းပြန်လည်လုပ်ကြံတာမျိုးဖြစ်နိုင်ပါတယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
“လှတောကနေ ပြီးတော့ စျေးဝယ်အပြန် မကျီးကန်နဲ့လှတောနဲ့က ကွင်းလမ်းပေါ့ အဲ့ဒီကွင်းလမ်းမှာ လုပ်ကြံခံရတယ် ပြစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အနီးက ရရှိထားတဲ့ သဲလွန်စ အထောက်အထားတစ်ချို့အရ ပစ်ခတ်သူဟာ စစ်အုပ်စုမဟုတ်ဘဲ မသမာသူတစ်ဦးရဲ့ လုပ်ကြံသတ်ဖြတ်မှု ဖြစ်တယ်လို့ သူကဆိုပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရသူဟာ ဝက်လက်မြို့နယ် မကျီးကန်(မြောက်)ရွာ ပြည့်သူအုပ်ချုပ်ရေးအဖွဲ့(ပအဖ)ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၀ နှစ်အရွယ် ဦးမင်းသန့် ဖြစ်ပြီး ဦးမင်းသန့်ဟာ မကျီးကန်ကျေးရွာကနေ လှတောကျေးရွာကို ဆိုင်ကယ်နဲ့ စျေးဝယ်သွားရာမှအပြန် လမ်းမမှာ ဦး ခေါင်းကို သေနတ်နဲ့ တေ့ပစ်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
“ဒဏ်ရာကတော့ တေ့ပစ်ခံရတာ ညာဘက်နားထင်ကနေ ပစ်ခံရတာအဝေးက ပစ်တာမဟုတ်ဘူး။ စနှိုက်ပါတော့ မဟုတ်ဘူး။ အခင်းဖြစ်တဲ့ နေရာမှာ ကျည်ခွံတော့ တစ်ခုတွေ့တယ်။ သဲလွန်စတော့ ရတယ်။ လိုက်တော့ လိုက်နေကြတယ်”ဆိုပါတယ်။
သေဆုံးသူ ဦးမင်းသန့်ဟာ လူချစ်လူခင် ပေါများပြီး တော်လှန်ရေးမှာ တက်ကြွစွာပါဝင်တဲ့ တော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်သလို ကွယ်လွန်ချိန်မှာတော့ စစ်အုပ်စု အမြစ်ဖြတ်ရေးအတွက် တိုက်ပွဲဝင်ရင်း မျက်စိဆုံးရှုံးထားတဲ့ သားငယ်တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
#MyanmaGon