


မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၃
တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်းကျောင်းများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲများ ကို စက်တင်ဘာ ၁၂ ရက်က တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
သင်တန်းဆင်းပွဲများ သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြပြီး သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု များဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄)မှ သင်တန်းဆင်း စစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားကာ လိုက်လံ နှုတ်ဆက်အားပေးကြတယ်လို့ သိရပါတယ်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပါတယ်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။
#MyanmaGon