
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၀
ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မကြာသေးမီက နိုင်ငံတော်အကြီးအကဲသွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံကြီးအချို့မှ နိုင်ငံ့ခေါင်းဆောင်ကြီးများက မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်းနှင့် စောင့်ကြည့်လေ့လာရေးအဖွဲ့များ လွှတ်ပေးမည်ဟု ပြောကြားမှုများ ရှိခဲ့ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မိမိတို့အားလုံးမီဒီယာနည်းလမ်းများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင် ပြည်သူများ လုံခြုံစွာမဲပေးနိုင်ရန်အတွက်လည်း နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သတင်းမီဒီယာသမားများအနေဖြင့် ကျေးလက်နေပြည်သူများထံ သတင်းမှန်များဖြန့်ဝေ၍ အတွေးမှန်၊ အသိမှန်၊ အလုပ်မှန်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ အထူးသဖြင့် လူငယ်များကို အသိပညာဖြန့်ဝေ၍ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးရန်နှင့် လမ်းမှားရောက်နေသည့် လူငယ်များကိုလည်း လမ်းမှန်သို့ရောက်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များက ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
#Myanmagon