
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၀
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ် Grand Ball Room ခန်းမ၌ ကျင်းပပြုလုပ်ပါတယ်။ဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါတယ်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် NCA သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တစ်ခုတည်းသော စာချုပ်ဖြစ်ကြောင်း၊ NCA သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်သွားနိုင်ရေးတို့အတွက် လွှတ်တော်ပြင်ပတွင် ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတစ်ခုဟုလည်း ဆိုနိုင်ကြောင်း၊ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဖွဲ့စည်းထားရှိသော လုပ်ငန်းကော်မတီများအနေဖြင့် အချိတ်အဆက်မိမိဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း၊ NCA အခမ်းအနားတက်ရောက်မည့်သူများအား ဖိတ်ကြားမှုကို အချိန်မီဖိတ်ကြားပေးစေလိုကြောင်း၊ နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများကလည်း ပြခန်းများခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခမ်းအနားအတွက် လုပ်ငန်းကော်မတီအလိုက် သုံးစွဲကုန်ကျမည့်ငွေများနှင့် ပတ်သက်၍ ဘဏ္ဍာရေးညွှန်ကြားလွှာပါစည်းမျဉ်းများအတိုင်း စနစ်တကျဖြင့် စိစစ်တင်ပြဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စများကို အသေးစိတ်ကြိုတင်စီမံဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားပါတယ်။
ဆက်လက်၍ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရေးကိစ္စရပ်များ၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါတယ်။ ထို့နောက် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးပြီးနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါတယ်။
#Myanmagon