
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၄
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် စုံညီအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အသင်းအဖွဲ့များမှဥက္ကဋ္ဌများ၊ ပညာရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးပြည်နယ်ဝန်ကြီး ချုပ်များက virtual ဖြင့် တက်ရောက်ကြပါတယ်။
အစည်းအဝေးတွင် ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ထိရောက်စွာ မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဦးဆောင်အဖွဲ့အနေဖြင့် ဥပဒေ၏ အခန်း(၃)၊ ပုဒ်မ ၅ တွင် ပြဋ္ဌာန်းထားသော ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များအတိုင်း တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် လွတ်လပ်စွာစိုက်ပျိုးဆောင်ရွက်နိုင်စေရေး၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သော အရင်းအနှီးငွေကြေး၊ နည်းပညာများကို အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးပေးနိုင်ရေး၊ ပိုးသတ်ဆေး၊ မြေဩဇာ၊ မျိုးများကို အရည်အသွေးမီ သုံးစွဲနိုင်စေရေး၊ သီးနှံဈေးနှုန်း ဈေးကွက်ဆိုင်ရာ သတင်းအချက်များကို တောင်သူများထံ အချိန်မီရောက်ရှိစေရေး၊ လယ်ယာထုတ်ကုန်များကို သင့်တင့်မျှတသည့် ဈေးနှုန်းရရှိစေရေး၊ ကုန်သွယ်ဖက်နိုင်ငံများမှ တင်သွင်းခွင့်ခွဲတမ်းများ စဉ်ဆက်မပြတ်ရရှိစေရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ပေါင်းစပ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
ထို့နောက် ဦးဆောင်အဖွဲ့အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် (၁/၂၀၂၃)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ဝါ၊ ရော်ဘာ၊ ဆီအုန်းသီးနှံများအထွက်နှုန်း တိုးတက်ရေးအပါအဝင် ကိုကိုး၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကို ရှင်းလင်းတင်ပြပါတယ်။ယင်းနောက် ဦးဆောင်အဖွဲ့ အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြပါတယ်။
#Myanmagon