








မြန်မာ့ဂုဏ် စက်တင်ဘာလ ၂၇
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီ ခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံ မြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း မိုင်တိုင်အမှတ် ၁၂၁/၂၀-၂၁ ကြားရှိ ရထားသံလမ်းအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းဖြင့် ဖောက်ခွဲဖျက်စီးထားသဖြင့် ရထားလမ်း ထိခိုက်ပျက်စီးခဲ့ပြီး သိမ်ဆိပ်နှင့် ဒုံဝန်းအကြား ရထားလမ်းပိုင်းအား ယနေ့နံနက်ပိုင်းတွင် ယာယီပိတ်ထားရကြောင်း သိရှိရပါတယ်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာ ရထားလမ်းနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းစစ်ဆေး ဆောင်ရွက် ရာတွင် မိုင်းဒဏ်ကြောင့် အရှေ့ဘက် ရထားသံလမ်းသည် (၁)ပေခွဲခန့် (၁)နေရာပြတ်တောက် ခြင်း၊ ယင်းနေရာနှင့် ၃ ပေခန့်အကွာ (၁)နေရာတွင် သံလမ်းဖိနပ် (၁)ပေခွဲခန့် ပြတ်ထွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ရထားလမ်းပျက်စီးခဲ့တယ်လ်ို့ပြောပါတယ်။
မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ပြတ်တောက်သွားသော သံလမ်းအား ဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်းများကို နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် စတင်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် ပြုပြင်ပြီးစီးသဖြင့် သိမ်ဆိပ်-ဒုံဝန်း ရထားလမ်းပိုင်းအား ယနေ့နံနက် ၁၁ နာရီ ၃၅ မိနစ် အချိန်တွင် ပြန်လည်ဖွင့်လှစ်၍ ရထားများပုံမှန်အတိုင်းပြေးဆွဲပေးလျက်ရှိပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မော်လမြိုင်မှ အချိန်မှန်ထွက်ခွာလာသည့် ခရီးသည် (၄၀၁)ဦး ပါရှိသော အမှတ်(၈၂) အစုန် လူစီးအမြန်ရထားသည် ယနေ့ နံနက် ၁၀ နာရီ ၃၂ မိနစ် အချိန်တွင် သထုံဘူတာသို့ ရောက်ရှိ ရပ်နားထားခဲ့ရပြီး နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရသဖြင့် ရထားစီးပြည်သူလူထုအနေဖြင့် ၄၅ မိနစ်ခန့် ကြန့်ကြာမှု ကြုံတွေ့ ခဲ့ရတယ်လို့ပြောပါတယ်။