



မြန်မာ့ဂုဏ် စက်တင်ဘာ ၂၇
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားပါတယ်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ နှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့ အစည်းကိုယ်စားလှယ်များ၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာပဋိညာဉ် စတင် အတည်ပြုခဲ့သည့် ၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အဖြစ် သတ်မှတ်ခဲ့ကာ ၁၉၈၀ ပြည့်နှစ်မှစတင်၍ အထိမ်းအမှတ်အခမ်း အနားများ ကျင်းပပြုလုပ်ခဲ့သည့်အတွက် ယခုနှစ်သည် ၄၅ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်မှာ “ခရီးသွားကဏ္ဍ ရေရှည် ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ်ဖော်ဆောင်စို့”၊ “Tourism and Sustainable Transformation” ဖြစ်ကြောင်း။ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကမ္ဘာကြီးကို တည်ဆောက်ရန် တိုးတက်ပြောင်းလဲခြင်း များကို ဖော်ဆောင်ပေးနိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။
ယင်းနောက် UN Tourism အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili ၏ သတင်းစကားရုပ်သံ video clip နှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက် လျက်ရှိသော ခရီးသွားလုပ်ငန်း အမျိုးအစားများအကြောင်း Video Clip ကို ပြသပါတယ်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ဝန်ဆောင်မှုစွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များနှင့် ဖက်စပ်ဟိုတယ်များ၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲနှင့် ရောင်စုံ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပါတယ်။
ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း က ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ဆောင်းပါး ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ချီးမြှင့်ပါတယ်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနား သို့ တက်ရောက်လာကြသူ များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခန်းမဆောင် အတွင်း ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်း အမျိုးအစားများအလိုက် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ပါတယ်။
#Myanmagon