မြန်မာ့ဂုဏ် စက်တင်ဘာ ၂၉
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးတံတားကြီးကို စက်တင်ဘာလ ၂၈ ရက်တွင် အများသူငါ အသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနတစ်ခုက ထုတ်ပြန်လိုက်ပါတယ်။
“Huajiang Grand Canyon Bridge” ဟု အမည်ပေးထားသည့် အဆိုပါတံတားကြီးသည် နိုင်ငံတောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ကြီးမားသည့်တောင်ကြားနှင့် မြစ်တစ်စင်းအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါမြစ်၏ အထက် ၆၂၅ မီတာအထက်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
ကွေ့ကျိုးပြည်နယ်သည်ကမ္ဘာပေါ်တွင်ဒုတိယမြောက်အမြင့်ဆုံးတံတား ကြီးတည်ရှိရာဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးတံတားကြီးများတည်ရှိရာ ဒေသဖြစ်လာခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ကမ္ဘာ့အမြင့်ဆုံးတံတားကြီးကို ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ခရီးသွားလာရသည့်အချိန်ကာလကို လျှော့ချနိုင်သည့်အပြင် ဒေသတွင်းသယ်ယူပို့ဆောင်ရေး အခြေအနေကိုပါ များစွာ တိုးတက်လာစေမည် ဖြစ်ကြောင်း ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာနမှ အကြီးအကဲဖြစ်သူ ကျန်းယင်က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံသည် မကြာမီဆယ်စုနှစ်များအတွင်း နိုင်ငံ့စီးပွားရေးတိုးတက်လာသည်နှင့်အမျှ နိုင်ငံအတွင်း၌ အဓိကအရေးပါသည့် အခြေခံအဆောက်အဦစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း သိရပါတယ်။
#Myanmagon
