
မြန်မာ့ဂုဏ် အောက်တိုဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်သူ့ဆေးရုံ ကလောမြို့သို့ရောက်ရှိ၍ ဆေးရုံအုပ်၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပါတယ်။
ပြည်ထောင်စုဝန်ကြီးက ပြည်သူအများအားကိုးယုံကြည်မှုရှိသော ဆေးရုံများဖြစ်အောင်၊ ပြည်သူလူထုစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်စေရန်နှင့် နိုင်ငံတော်အစိုးရက ပံ့ပိုးမှုများကို ပြည်သူလူထု တိုက်ရိုက်ခံစားရရှိအောင် စေတနာထား ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် ခွဲစိတ်ကုသမှုများ၊ ဓာတ်ခွဲဓာတ်မှန်များအတွက် နိုင်ငံတော်က လုံလောက်အောင် ထောက်ပံ့ပေးထားပြီးဖြစ်၍ လူနာများ စိုက်ထုတ်ကုန်ကျမှုမရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဓာတ်ခွဲစမ်းသပ်မှုများအတွက် ခုတင် ၂၀၀ အဆင့်အထိ တစ်ပြေးညီတိုးမြှင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံလိုအပ်သောဆေးဝါးများ၊ ပဋိဇီဝဆေးဝါးများနှင့် အခြေခံအရေးပေါ်ဆေးဝါးများအား နိုင်ငံတော်က ထောက်ပံ့ပေးထားပြီးဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် တီဘီ၊ ခုခံကျကာလ သားရောဂါ၊ ငှက်ဖျားရောဂါများ၊ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါများအတွက်လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆေးဝါးများ ထောက်ပံ့ပေးထားပြီးဖြစ်ပါကြောင်း၊
အဆိုပါဆေးဝါးများကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထောက်ပံ့ပေးထားခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများသည် နိုင်ငံတော်ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးအာမခံစနစ် ပေါ်ပေါက်လာစေရန် အထောက်အကူများဖြစ်ပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း လူနာများ၊ လူနာရှင်များနှင့် Public Relation ကောင်းမွန်အောင် ဆောင်ရွက်ကြရန် အလေးထားမှာကြားပါတယ်။
#Myanmagon