
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၅
အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ကြီးက နိုင်ငံတကာစံချိန်စံညွှန်းရေးဆွဲသည့် ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာစံချိန်စံညွှန်းများ ပေါ်ထွက်လာစေရန် ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ပြုရန်ရည်ရွယ်၍ ကမ္ဘာ့စံချိန်စံညွှန်းနေ့ (၁၃)ကြိမ်မြောက် အခမ်းအနားကို ယနေ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပါတယ်။
အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ယခုနှစ်ကမ္ဘာ့စံချိန် စံညွှန်းနေ့(၂၀၂၅)၏ ဆောင်ပုဒ်မှာ “Shared Vision for a Better World: Spotlight on SDG 17- Partnerships for the Goals” (ပိုမိုကောင်းမွန်သော ကမ္ဘာကြီးအတွက် မျှော်မှန်းချက်များမျှဝေခြင်း- SDG 17 ရည်မှန်းချက်ပန်း တိုင်များအတွက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု) ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများသည် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သောကြောင့် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင် ရာကဏ္ဍအလိုက် မြန်မာစံချိန်စံညွှန်း ၉၄၈ ခုကို အတည်ပြုချမှတ်နိုင်ခဲ့ပြီး ပြည်တွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ရပ်လုံးတွင် စံချိန်စံညွှန်းများနှင့်အညီ ကျင့်သုံးခြင်းဖြင့် မိမိတို့၏ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိစေခြင်းကြောင့် ကုန်သွယ်မှုတွင် လွယ်ကူ ချောမွေ့စေပြီး ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါတယ်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Sergio Mujica ၏ ကမ္ဘာ့စံချိန်စံညွှန်းနေ့ ဂုဏ်ပြု စကားနှင့် ကမ္ဘာ့စံချိန်စံညွှန်းနေ့ (၂၀၂၅) ဆိုင်ရာ ဗီဒီယိုကို ကြည့်ရှုကြပါတယ်။
အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များဖြစ်ကြသော ဆက်စပ်ဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ် ကော်မတီဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ MSMEs အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးဆိုင် ရာအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။
#Myanmagon