
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းပြုလုပ် သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပါတယ်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ CPU အဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုများမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့် အတားဖြစ်စေသကဲ့သို့ လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများ ပျက်စီးပြီး တရားမျှတသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာမည်ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အဂတိကင်းရှင်း သော လူမှုအသိုက်အဝန်းကို တည်ဆောက်ကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားပါတယ်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေးအတွက် အကာအကွယ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေး နှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း၊ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းတိုက်တွန်းပြောကြားပါတယ်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်း ဇော်သန့်က“အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ”နှင့်စပ်လျဉ်း ၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး အစည်းအဝေး တက်ရောက်လာ ကြသော ဝန်ထမ်းများ၏ သိရှိလို သည်များ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြပါတယ်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး ခေါင်းဆောင်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနမှ အဂတိလိုက်စား မှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
#Myanmagon