






















နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပါတယ်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ) များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြပါတယ်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော် (လေ) ၏ သမိုင်းကို ပြန်ကြည့်မည်ဆိုပါက ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗမာ့အပျော်တမ်းလေတပ်ဖွဲ့ (BVAU) နှင့် ဗမာ့အပျော်တမ်းလေတပ် (BVAF) တို့အဖြစ် အဆင့်ဆင့်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြင့် အစတည်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်မတော် (လေ) အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြင့် တပ်မတော် (လေ) အဖြစ် စတင်ပေါ်ထွန်းရပ်တည် နိုင်ခဲ့သည်မှာ ယနေ့ဆိုပါက ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း။
တပ်မတော် (လေ) စတင်ဖွဲ့စည်းတည်ထောင်ပြီးချိန်နှင့် မရှေးမနှောင်း၌ပင် ပြည်တွင်းရောင်စုံသူပုန်များ၏ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများ နိုင်ငံအနှံ့ပေါ် ပေါက်လာခဲ့ကြောင်း၊ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စောင့်ရှောက်ကာကွယ်ထိန်းသိမ်းနိုင်ရန် တပ်မတော် (လေ) သည် စီမံခန့်ခွဲမှု၊ ဖွဲ့စည်းလေ့ကျင့်မှုနှင့် လက်နက်တပ်ဆင်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်၌ပင် တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ) တို့နှင့်အတူ သောင်းကျန်းမှုနှိမ်နင်းချေမှုန်းရေးအတွက် စစ်ဆင်ပျံသန်းမှုများ ပြုလုပ်ခဲ့ရကြောင်း၊ မျိုးချစ်စိတ်၊ ဇွဲသတ္တိနှင့် တီထွင်ကြံဆလိုစိတ်တို့ကို အရင်းခံပြီး ရှိသည့်လေယာဉ်၊ ရှိသည့်လက်နက်ကို အကောင်းဆုံးအသုံးချပြီး ရည်မှန်းချက်အောင်မြင်အောင် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရကြောင်း၊ တပ်မတော် (လေ) သည် ယနေ့အချိန်အထိ ပြည်ပကျူးကျော်မှုတွန်းလှန်ချေမှုန်းရေးနှင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်မှု အမျိုးမျိုးသာမက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှု စစ်ဆင်ရေးများတွင်လည်း ပါဝင်တိုက်ပွဲဝင်ဆင်နွှဲခဲ့ရာ တပ်မတော် (လေ) စစ်သည်တော်များ၏ အသက်သွေးချွေးများစွာ ရင်းနှီးစတေးပြီး သူရဲကောင်းပီသစွာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့သောကြောင့် တိုက်ပွဲအဆုံးအဖြတ်အပေါ် များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း
တပ်မတော်(လေ)ကို ခေတ်မီပြီးစွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိကြောင်း
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုအကာအကွယ်ပေးရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့အတွက် တည်ဆောက်ကြိုးပမ်းရာတွင် ခိုင်မာတောင့်တင်းသည့် ကာကွယ်ရေးစွမ်းအားစုတစ်ရပ်ပိုင်ဆိုင်ထားရန် မဖြစ်မနေလိုအပ်ကြောင်း။
ထို့ကြောင့် တပ်မတော်(လေ)ကို ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံများအပေါ်သင်ခန်းစာဖော်ထုတ်ကာ ခေတ်မီပြီးစွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသော လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိရာ စတင်ဖွဲ့စည်းချိန်က အခြေစိုက်စခန်း(၁)ခုနှင့် ပျံသန်းရေးအုပ်အနည်းငယ်သာရှိခဲ့ရာမှ ယခုတွင်မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ကြောင်း။
“စွမ်းဆောင်ရည်ပိုင်းမှာလည်း သောင်းကျန်းမှုနှိမ်နင်းရေးလေတပ်အဆင့်ကနေ နည်းဗျူဟာမြောက်လေတပ်တစ်ခုအဖြစ် တိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း
ဒါ့ကြောင့် ထိရောက်အစွမ်းထက်မြက်တဲ့ လေကြောင်းစွမ်းအားကိုပိုင်ဆိုင်အသုံးချနိုင်ဖို့ လေတပ်ရဲ့တိုက်စွမ်းအားနဲ့ တိုက်စွမ်းရည်(၂)မျိုးလုံး မြင့်မားပြည့်စုံအောင် တည်ဆောက်ထားဖို့အထူးလိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
တိုက်စွမ်းအားတိုးတက်ကောင်းမွန်စေရန် နိုင်ငံတော်မှ လေယာဉ်၊ ရဟတ်ယာဉ်နှင့် စစ်ဆင်ရေး အထောက်အကူစနစ်များကို ဖြည့်တင်းပေးလျက်ရှိရာ ယင်းစနစ်များ အမြဲကောင်းမွန်ပြီး စွမ်းအားပြည့်တိုက်ပွဲဝင်နိုင်မှသာ တိုက်စွမ်းအားရရှိမည်ဖြစ်၍ တပ်မတော် (လေ) ၏စစ်သည်တော်များအနေဖြင့် အမြတ်တနိုးတန်ဖိုးထားကာ စနစ်တကျကိုင်တွယ်အသုံးပြုပြီး ပြုပြင်ထိန်းသိမ်းကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
#Myanmagon(Sn)