












နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် မြစ်ကြီးနားတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် Polytechnic University မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြား
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မြစ်ကြီးနားတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် Polytechnic University မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား သတ်မှတ်နေရာအလိုက်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါတယ်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့တာပါ။
တွေ့ဆုံပွဲသို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးပုဂ္ဂိုလ် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြပါတယ်။
ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လာရောက် ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်တာဝန်ကို ခေတ္တစတင်တာဝန်ယူချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင် ခဲ့ကြကြောင်း၊ သို့သော်လည်း ယနေ့အထိ နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသည့် သစ္စာရှိဝန်ထမ်းကောင်းများလည်းရှိ ကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများသည် သစ္စာရှိသည့် ဝန်ထမ်းများပင်ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နှင့် တတိယပိုင်းကို ဒုတိယပိုင်းကျင်းပပြီး နှစ်ပတ်အကြာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မှသာ ပြည်သူများက ရွေးချယ်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ လွှတ်တော်ကျင်းပပြီး အစိုးရသစ် ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ အာဏာကို အဆိုပါအစိုးရသစ်အား ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း။
ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ်ကပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မဖြစ်ပေါ်စေရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် မဲဖြစ်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများ၌ အီလက်ထရောနစ် နည်းပညာအသုံးပြုမဲပေးရာတွင် တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရောနစ်မဲပေးစနစ် (Direct Recording Electronic System- DRE)၊ အီလက်ထရောနစ် မဲလက်မှတ်ထုတ်ပရင်တာ (Electronic Ballot Printer-EBPs)၊ အလင်းဖြင့် မှတ်တမ်းတင်စနစ် (Optical Mark Recognition– OMR) နှင့် အင်တာ နက်မဲပေးစနစ်(Internet Voting System) စသည့် လေးမျိုးကို အသုံးများဆုံးဖြစ် ကြောင်း၊ EVM ကို ၁၉၆၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံက ပထမဆုံး စတင်တီထွင်အသုံးပြုခဲ့ပြီး ယနေ့ချိန်ထိ ယင်းလေးမျိုးကို နိုင်ငံပေါင်း ၃၄ နိုင်ငံက တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည် ကို လေ့လာတွေ့ရှိရကြောင်း၊ အိမ်နီးချင်း နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၄၆ ဘီလီယံရှိပြီး မိမိနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများထက်ပင် ပို၍ များပြားကြောင်း၊ ထိုသို့ လူဦးရေများပြား သည့် အိန္ဒိယတွင်ပင် အသုံးပြုလျက်ရှိ သည်ကို လေ့လာတွေ့ရှိရကြောင်း။
မြန်မာနိုင်ငံ၌ တိုက်ရိုက်မဲပေးမည့် မဲဆန္ဒရှင် အဆင့်အတန်းမရွေး လွယ်ကူရိုးရှင်းပြီး မသမာမှုလုံးဝပြုလုပ်၍ မရနိုင်သည့် တိုက်ရိုက်မှတ်တမ်းတင် အီလက် ထရောနစ်မဲပေးစနစ် (Direct Recording Electronic System- DRE) စနစ်ကို ရွေးချယ်ကာ ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့် တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း၊ အီလက်ထရောနစ်မဲပေး စနစ် (Direct Recording Electronic System- DRE) စနစ်ကို အိန္ဒိယ၊ ဘူတန်၊ အီရန်၊ ရူမေးနီးယား၊ ဘရာဇီး၊ ပီရူး၊ ဗင်နီ ဇွဲလား၊ နမ်ဘီးယား၊ ဘူဂေးရီးယားနှင့် အယ်ဘေးရီးယား စသည့်နိုင်ငံများတွင် အသုံးပြုကြကြောင်း၊ မိမိတို့နိုင်ငံတွင် အသုံးပြုမည့် MEVM စက်ကိုလည်း အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးဆိုင်ရာ ကော်မတီ (National Certification Committee-NCC) က စိစစ်ထုတ်ပေး သော အရည်အသွေးကိုက်ညီမှု ထောက်ခံချက်လက်မှတ် (Certification of Conformity – CoC) နှင့် အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေး ရေးအဖွဲ့( National Certification Body- NCB) က ထုတ်ပေးသည့် မြန်မာစံချိန်စံညွှန်းအမှတ်တံဆိပ် (MMS Standard Mark) ရရှိပြီးဖြစ်ကြောင်း၊ ယင်းသည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မိမိတို့အစိုးရ၏ အဓိကဆောင်ရွက်ချက် ပင်ဖြစ်ကြောင်း။
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်အရေးကြီးကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပြည်သူများ ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်အပိုင်းက လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားကြောင်း၊ အဓိကအရေးကြီးသည်မှာ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးရာတွင် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ မိမိအဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုနိုင်သူတို့ကို ဆန္ဒမဲပေးနိုင်ရန် အရေးကြီးပါကြောင်း ပြောကြားပါတယ်။
ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ ၁၅ ဖွဲ့နှင့် ဘာသာရေးအသင်းအဖွဲ့ ၅ ဖွဲ့တို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ အဖွဲ့များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူကြပါတယ်။
ထို့နောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် တက်ရောက်လာကြသူများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ပြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်း ခင်းကျင်းပြသထားသည့် MSME ဒေသထွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်း၊ အသုံးအဆောင်နှင့် စားသောက်ကုန်ပြခန်း၊ ရိုးရာ အဝတ် အထည် ထုတ်ကုန်ပြခန်းနှင့် ပယင်း၊ ကျောက်မျက်ရတနာနှင့် ဝါးလက်မှုပြခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးပါတယ်။
ညနေပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် Polytechnic University မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား / ကျောင်းသူများနှင့်တွေ့ဆုံခဲ့ပြီးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင် ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ် ကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၅၁ သန်းကျော်ရှိပြီး ပြည်ထောင်စုအဆင့် လူဦးရေ ၂၂ သန်း ကျော်၌ စာတတ်မြောက်မှုနှုန်းသည် ၉၂ ဒသမ ၁၁ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အသက်အပိုင်းအခြားဖြင့် ကြည့်မည်ဆိုပါက ၁၅ နှစ်နှင့် ၆၄ နှစ်ကြား လူဦးရေအချိုးမှာ ပြည်ထောင်စု အဆင့် ၆၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး လူဦးရေ၏ တစ်ဝက်ကျော်ရှိသည်ကို တွေ့ရှိရကြောင်း၊ လူဦးရေ ၅၁ သန်းတွင် ကျောင်းနေအရွယ်များကို ကြည့်မည်ဆိုပါက ကလေးငယ် ၁၀ ဦးလျှင် ၉ ဦး သည် ကျောင်းတက်လျက်ရှိပြီး ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကျောင်းနေအရွယ် အသက် ၁၀ နှစ်မှ ၁၄ နှစ်တွင် ၉၄ ဒသမ ၈ ရာခိုင်နှုန်းတွေ့ရှိရကြောင်း၊ ကျောင်းနေအရွယ် အသက် ၁၅ နှစ်မှ ၁၉ နှစ် အခြေခံပညာအဆင့်တွင် ၄၅ ဒသမ ၃ ရာခိုင်နှုန်း ရှိပြီး အသက် ၂၀ နှစ်မှ ၂၄ နှစ် တက္ကသိုလ် အဆင့်တွင် ၁၅ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရှိရပြီး အသက် ၂၅ နှစ် အထက်တွင် မရှိသလောက်နည်းပါးကြောင်း၊ တန်းစဉ်ကူးပြောင်းမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် များစွာအားနည်းမှုရှိနေသည်ကို တွေ့ရှိရကြောင်း။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သုံးသပ်ချက်များအရ မိဘများ၏ အခက်အခဲ၊ ကျောင်းစရိတ် အခက်အခဲ၊ ပညာသင်ကြားရန် စိတ်ဝင်စားမှုအားနည်းခြင်း၊ မသန်စွမ်းသူများ စသည်ဖြင့် သုံးသပ်တွေ့ရှိရကြောင်း၊ ယင်းအခက်အခဲများကို ဖြေရှင်းကြရန် အစိုးရ၊ မိဘ၊ ကျောင်းသား ကျောင်းသူ၊ ရပ်မိရပ်ဖများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ့တာဝန်ကို စတင်တာဝန်ယူသည့် အချိန်မှစ၍ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးကဏ္ဍကို တစိုက်မတ်မတ် တွန်းအားပေးပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း အားနည်းချက်များ ရှိနေသေးသည့်အတွက် သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင် ရွက်ကြရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် ဘွဲ့ရပြီး သက်ဆိုင်ရာလုပ်ငန်းခွင်များသို့ ဝင်ရောက်ကြမည့်သူများ ဖြစ်သည့်အတွက် တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍမှ ထမ်းဆောင်ရင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင် ရွက်သွားကြရန်လိုကြောင်း ပြောကြားပါတယ်။
ယင်းနောက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် တက္ကသိုလ်၏ လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါတယ်။
ဆက်လက်၍ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင် များသည် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံ၌ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦး ချင်း၏ ရောဂါဖြစ်ပွားမှုနှင့် ဆေးဝါးကုသ ပေးလျက်ရှိသည့် အခြေအနေများအားမေးမြန်း၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့် ငွေများကိုလည်းကောင်း ပေးအပ်ပါတယ်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသုမာလာအားဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပါတယ်။
#Myanmagon(SN)