




နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အမှာစကားပြောကြားပါတယ်။
အမှာစကားပြောကြားရာတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအားလုံးက အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။
အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) လုပ်ငန်းလမ်းစဉ်ပါ တပ်မတော်သားတစ်ဦးချင်း ပြုကျင့်လိုက်နာရမည့် စစ်သည်တော် ကျင့်ဝတ် ၂၀ ပါးပါ ရိုးရိုးပဲနေထိုင် စားသောက်ပါ၊ မိမိဝင်ငွေနှင့် ထွက်ငွေညီမျှပါစေ ဆိုသည့်အချက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက် သေစာသောက်စားခြင်းနှင့် လောင်းကစားခြင်း ရှောင်ပါ၊ တံစိုးလက်ဆောင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါဆိုသည့်အတိုင်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း၊ မိမိတို့ရရှိသည့်ဝင်ငွေနှင့်ထွက်ငွေကို မျှတအောင် သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက သက်သာချောင်ချိရေးအတွက်များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့ဘဝတိုးတက်ရေးအတွက် အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း တပ်တိုင်းတွင်စာကြည့်တိုက်များ ထားရှိပေးထားပြီးဖြစ်၍ စာကောင်းပေမွန်များကို ဖတ်မှတ်လေ့လာ ကြရန်လိုကြောင်း၊ စာများများ ဖတ်ရှုလေ့လာမှသာ အသိပညာဗဟုသုတများ ရရှိလာမည်ဖြစ်ပြီး အမှား နှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အရာရှိ ၊ စစ်သည်၊ မိသားစုများအနေဖြင့် စာများများ တိုးတက်ဖတ်ရှုကြရန်လိုကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမြဲလမ်းညွှန်မှာကြားချက်ဖြစ်သည့် သင့်လေးသင့်ကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင့်လေးသင့်ဆိုသည်မှာ သွားသင့်သည့်နေရာကိုသွားရန်၊ ပြောဆိုသင့်သည့် စကားကိုသာပြောဆိုရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပေါင်းသင်း သည့်သူကိုသာ ပေါင်းသင်းသွားရန်တို့ ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်ကအားထားရသည့် နိုင်ငံသားကောင်းများဖြစ်အောင်ပေးအပ်သည့် တာဝန်များကို သစ္စာရှိစွာဖြင့် ကျေပွန်စွာထမ်းဆောင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားပါတယ်။
ထို့နောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့က လက်ခံရယူကြပါတယ်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရပါတယ်။
#Myanmagon(SN)