
















ရွေးကောက်ပွဲသည် သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောသည့်ခေတ်မဟုတ်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးဆို
ပျော်ဘွယ် ၊ ဒီဇင်ဘာ ၁၉
ရွေးကောက်ပွဲသည် သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောသည့်ခေတ်မဟုတ်ဟု ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ဆိုသည်။
ယနေ့(ဒီဇင်ဘာ ၁၉ ရက်)တွင် ပျော်ဘွယ်မြို့နယ်၊ ကြို့ကုန်းကျေးရွာမှာ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေးမှုး ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက မဲဆန္ဒရှင်မိဘပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ရွေးကောက်ပွဲက သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းပြောတဲ့ ခေတ်မဟုတ်ဘူး။ နောက်ပြီးတော့လည်း ရွေးကောက်ပွဲဟာ ပြည်သူလူထုကို မက်လုံးတွေ ပေးပြီးတော့ မဲဆွယ်နေစရာ မလိုဘူး။ အဓိက ကိုယ့်ပါတီရဲ့ မူဝါဒ လမ်းစဉ်သဘောထားပေါ့၊ ဒါကိုပြရမှာ။ ရွေးကောက်ပွဲကြမှ ပြရမှာမဟုတ်ဘူး” လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြီးခဲ့တဲ့ ကာလတွေအတွင်း ပြည်သူလူထု ကြုံတွေ့နေရသော အခက်အခဲတွေနဲ့ပတ်သက်ပြီး ပါတီတွင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် သင့်တော်သူတွေကို ရွေးချယ်ထားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောသည်။
“ ကျွန်တော်တို့က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအစုံမှာ လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေ ဘယ်သူတွေရှိလဲလို့ ကျွန်တော်တို့က ရှာဖွေစုဆောင်းပြီးတော့ ထားတယ်။ အခု ရွေးချယ်ခံမယ်ဆိုတဲ့ ရွေးကောက်ပွဲ ပေါ်လာတဲ့အခါကျတော့ အဲ့ဒီလူတွေကို ကျွန်တော်တို့က ပြည်သူတွေ ရွေးလို့ရအောင် ချပေးလိုက်တယ်” ဟု ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေ ရွေးချယ်လိုက်ပါက လက်ရှိတွင် ကြုံတွေ့နေရသော အဆင်မပြေမှုတွေကို အကောင်အထည်ပြန်ဖော်နိုင်မယ်လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်၍ ပြည်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေမိဘပြည်သူများက ရွေးကောက်ပွဲနှင့်ပက်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ပျော်ဘွယ်မြို့နယ်သည် လာမည့်ဒီဇင်ဘာလ ၂၈ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲပထမအကြိမ်တွင်ပါဝင်လျက်ရှိသည်။
Myanmagon(SN)
Photos MMG Teams