




နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြား
မြန်မာ့ဂုဏ် မတ် ၁၄ ရက်
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းကို မတ်လ ၁၃ ရက်
မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ပါတယ်။
အမှာစကားပြောကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိအနေဖြင့် တပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်စတင် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ယခုအချိန်အထိ ခေတ်မီတပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်များကို သုံးသပ်ဆွေးနွေးနိုင်ရန်နှင့် လိုအပ်သည်များကို မှာကြားနိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့်၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းရမည့် အခြေအနေဖြစ်ကြောင်း။
မိမိအနေဖြင့် တပ်မတော်အကြီးအကဲများ၏ ယုံကြည်စွာဖြင့် တာဝန်လွှဲပြောင်း ပေးအပ်ခြင်းခံခဲ့ရပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို အကောင်းဆုံးဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယခင်ကတပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမဩဝါဒများ၊ မိမိဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကိုပေါင်းစပ်၍ အကောင်းဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်တိုးတက်ရာတိုးတက်ကြောင်းနှင့် ခေတ်မီတပ်မတော်ဖြစ်စေရေး အမြဲတမ်းအာရုံစိုက်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် ပြည်ပရန်ကာကွယ်ရေးပင်ဖြစ်ပြီး နိုင်ငံတော်တွင်ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများအရ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဝင်ရောက်ထိန်းသိမ်းနေရခြင်းဖြစ်ကြောင်း၊ ယခင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်အကြီးအကဲများသည်လည်း နိုင်ငံတော်နှင့် တပ်မတော်ကောင်းရာကောင်းကျိုးကို အစဉ်အဆက် အဆင့်ဆင့်လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း။
မိမိသည် မြန်မာ့တပ်မတော်၏ ၈ ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ရှေ့ပိုင်းတွင်တာဝန်ယူသွားခဲ့ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များကဲ့သို့ပင် တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း။
ထို့အပြင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်းလက်တွဲညီညီဖြင့် တပ်မတော်၏ကောင်းရာကောင်းကျိုး၊ နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများအတွက် အတူတကွဆောင်ရွက်ခဲ့မှုများအပေါ် ကျေးဇူး တင်ချီးကျူးဂုဏ်ပြုပါကြောင်း မတ်လ ၁၃ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်ခန်းမမှာ ကျင်းပပြုလုပ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
#Myanmagon