





















မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၆
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံက ဒီကနေ့မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်ယာယီသမ္မတ ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံကို အလုပ်သဘောခရီးစဉ်စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်ယာယီသမ္မတရဲ့ခရီးစဉ်မှာ တရုတ်နိုင်ငံ တီရန်ကျင်းမြို့မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုကော်ပိုရေးရှင်းရဲ့ ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးမတိုင်မှီ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ လာအိုသမ္မတသောင်လောင်ဆီဆိုလစ်တို့နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့အပြင် အစည်းအဝေးအတွင်းမှာ ဒေသတွင်းခေါင်းဆောင်တွေအပါအဝင် အခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း အလွတ်သဘောတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးအပြီးမှာတော့ နိုင်ငံတော်ယာယီသမ္မတနဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနားကို တက်ရောက်ရန် တရုတ်နိုင်ငံ ဘေကျင်းမြို့ကိုသွားရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက်နိုင်ငံတော် ယာယီသမ္မတဟာ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနားကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်ယာယီသမ္မတရဲ့ ခရီးစဉ် နောက်ဆုံးပိုင်းအနေနဲ့ ဟာဘင်းမြို့နဲ့ ချန်ဒူးမြို့တွေကို သွားရောက်ခဲ့တယ်လို့သိရပါတယ်။
နိုင်ငံတော်ယာယီသမ္မတ ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြည်ထောင်စုဝန်ကြီးများ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ တပ်မတော်အရာရှိကြီးများအပါအဝင် ဒေသခံပြည်သူ ထောင်နဲ့ချီ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။
#MyanmaGon