
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် “ကမ္ဘာ့အင်ဂျင်နီယာနေ့” အခမ်းအနားနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေး
မြန်မာ့ဂုဏ် မတ်လ ၇
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည့် ကမ္ဘာ့အင်ဂျင်နီယာနေ့ (World Engineering Day – WED 2026) အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားကို UNESCO ၏ ပံ့ပိုးမှုဖြင့် ကမ္ဘာ့အင်ဂျင်နီယာအသင်းများဖက်ဒရေးရှင်း (WFEO) နှင့် အင်ဒိုနီးရှားအင်ဂျင်နီယာအသင်း (PII) တို့ ပူးပေါင်း၍ “ရေရှည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်အတွက် ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးသည် “Smart Engineering for a Sustainable Future” စကားဝိုင်းဆွေးနွေးပွဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခေတ်မီအင်ဂျင်နီယာပညာ ဖွံ့ဖြိုးရန် နည်းပညာရယူမှုသာမက လူ့စွမ်းအားအရင်းအမြစ်နှင့် ကျွမ်းကျင်မှုအခြေပြုပညာရေး တိုးတက်ရန် အရေးကြီးကြောင်း ဆွေးနွေးခဲ့ပါတယ်။
ထို့အပြင် အင်ဂျင်နီယာများ၊ နည်းပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ ပါဝင်သည့် “အင်ဂျင်နီယာ လူ့စွမ်းအားပိရမစ်” မဟာဗျူဟာကို တည်ဆောက်နိုင်ပါက စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဟု ပြောကြားခဲ့ပါတယ်။
အခမ်းအနားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဂျကာတာမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
#Myanmagon