




မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၄
မန္တလေးမြေငလျင်ကြီး ဒဏ်သင့်စီးပွားရေးလုပ်ငန်းများနဲ့ပြည်သူများအတွက် ငွေကျပ် ဘီလီယံ ၇၀၀ ကို ပြန်လည်ထူထောင်ရေးချေးငွေအဖြစ် ထုတ်ချေးသွားမည်ဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ငလျင်ဒဏ်သင့် စီးပွားရေးလုပ်ငန်းများနဲ့ ပြည်သူများအနေဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်၍ သက်ဆိုင်ရာဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေလျှောက်ထားနိုင်ကြောင်းသိရပါတယ်။
အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ကနဦးမတည်ရန်ပုံငွေကျပ် ဘီလီယံ ၇၀၀ ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀၀ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဈေးကွက်တည်ငြိမ်ရေးရန်ပုံငွေမှ ကျပ် ဘီလီယံ ၂၀၀ စုစုပေါင်း ဘီလီယံ၇၀၀ကို ထုတ်ချေးသွားမှာဖြစ်ကာ ချေးငွေသက်တမ်းကို ၃ နှစ်မှ ၅ နှစ်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့်ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအဖြစ် AYA Bank PCL ၊ uab Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့မှ ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလာခြင်းအပေါ် ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် (SOP) ပါ စံသတ်မှတ်ချက်များနှင့် အညီရွေးချယ်ထားခြင်းလည်း ဖြစ်ပါတယ်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စက်မှု လုပ်ငန်းများအတွက် လုပ်ငန်းသုံးအရင်းအနှီး၊ အိမ်များ၊ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေး၊ စက်ပစ္စည်း၊ ရေပေးဝေရေး၊ လျှပ်စစ်မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော်ရဲ့ အခြေခံအဆောက်အအုံများတည်ဆောက်ရန်တာဝန်ယူသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေတို့ကို ပံ့ပိုးပေးသွားလို့လည်းထုတ်ပြန်ထားပါတယ်။
ချေးငွေထုတ်ပေးရန် ဦးစားပေးကဏ္ဍများအနေဖြင့် ကုန်သွယ်ရေး၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံ များနှင့် ပုဂ္ဂလိက စာသင်ကျောင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ ပျက်စီးသွားသော လူနေအိမ်များအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးသွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက်ကိုတော့ ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မယ့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် ချေးငွေများအား စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးကြေညာထားပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသများမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန်၊ နေအိမ်နှင့် လုပ်ငန်းသုံးစက်ရုံနှင့် အလုပ်ရုံများ ပြန်လည်တည်ဆောက် ရန်ရည်ရွယ်၍ နိုင်ငံတော်က ထည့်ဝင်ပံ့ပိုးသောရန်ပုံငွေဖြင့် ချေးငွေအစီအစဉ်များ ဆောင်ရွက်ရန်အတွက် ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၅ အရ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၂၅ အရ ဩဂုတ် ၂၀ ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
အင်အားပြင်းမန္တလေးငလျင်ကြောင့် သေဆုံးသူစုစုပေါင်း (၃၈၂၁)ဦးရှိကာ ဒဏ်ရာရရှိသူ စုစုပေါင်း (၅၁၀၄)ဦးပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေနဲ့ (၆၅၃)ဦးကို အသက်ဘေးမှကယ်တင်နိုင်ခဲ့တယ်လို့ စက်တင်ဘာ ၄ရက်နေ့အထိ နောက်ဆုံးထုတ်ပြန်ချက်များအရသိရပါတယ်။
#MyanmaGon #MandalayEarthquake