












မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၁
NDF ပါတီပေးပို့ခဲ့တဲ့ ပါတီဝင်အင်အားစာရင်းမှာ သတ်မှတ်နောက်ဆုံးရက် စက်တင်ဘာလ ၈ရက်နေ့အထိ စိစစ်ခဲ့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သတ်မှတ်အင်အား ၅၀၀၀၀ မပြည့်ခဲ့၍ ပါတီဖျက်သိမ်းခံရတာလို့ ရွေးကောက်ပွဲကော်မရှင်(UEC)က ဆိုပါတယ်။
NDF ပါတီသည် ၂၀၂၅ ခုနှစ် သြဂုတ်လလယ်မှသာ ပါတီဝင်အင်အားစာရင်းကို စတင်ပေးပို့ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်အင်အားမပြည့်သဖြင့် နောက်ဆုံးရက်အထိ ထပ်မံတောင်းခံစိစစ်ရာ၌လည်း ပြည့်မီခြင်းမရှိဘဲ ကော်မရှင်တွင်စိစစ်ထားသည့် အချက်အလက်အစုံ အလင်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပါတီမှတ်ပုံတင်ပယ်ဖျက်ခံရသည့် NDF ပါတီအပါအဝင် ပါတီ ၄ခု ဖျက်သိမ်းခံရမှုနဲ့ပက်သက်၍ မီဒီယာများရဲ့မေးမြန်းမှုက ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။
NDF ပါတီ၏ ပထမအသုတ် သြဂုတ် ၁၅ ရက်တွင် တင်ထားသည့် ပါတီဝင်အင်အားစာရင်းအား စိစစ်ခဲ့ရာတွင် ၇၀၀၀ ကျော်သာ စာရင်းကိုက်ကြောင်း၊ ကျန်စာရင်းများသည် အချက်အလက်မပြည့်စုံခြင်း၊ ထပ်နေခြင်း၊ သေဆုံးနေခြင်းများဖြစ်ကြောင်း၊ ထိုသို့စိစစ်ရာတွင် EID ဆာဗာ၊ Cross Check စသည့်စနစ်များဖြင့် စစ်ဆေးခဲ့ကြောင်း၊ အဲနောက် ပါတီဝင်အင်အားစာရင်းကို စက်တင်ဘာ ၂ ရက်တွင် ၃၀၀၀၀ ကျော်၊ စက်တင်ဘာ ၅ ရက်တွင် ၂၀၀၀၀ ကျော်၊ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ ၇ ရက်တွင် ၁၂၀၀၀ ကျော်ပေးပို့လာကြောင်း၊ ယင်းစာရင်းများကို စက်တင်ဘာ ၈ ရက်တွင်အပြီး စိစစ်ခဲ့သော်လည်း သတ်မှတ်အင်အားမပြည့်ခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက ပြောပါတယ်။
ကော်မရှင်အနေဖြင့် ပါတီဝင်အင်အား ပေးပို့ရန် နှိုးဆောင်တိုက်တွန်းခဲ့မှုများနှင့် ပါတီထံ တောက်လျောက်ဆက်သွယ်ဆောင်ရွက်ခဲ့မှုများ ဖုန်းမှတ်တမ်းများလည်းရှိကြောင်း၊ သက်ဆိုင်ရာပါတီအနေဖြင့် အချက်အလက်များနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက အသေးစိတ်ရှင်းပြပေးရန် အသင့်ရှိကြောင်း ကော်မရှင်အဖွဲ့ဝင် UEC က မီဒီယာများကို ပြောကြားခဲ့ပါတယ်။
နိုင်ငံရေးအကျပ်အတည်းကာလမျိုးတွင် ရွေးကောက်ပွဲလမ်းကြောင်းကို တစိုက်စိုက်မတ်မတ်ဖြင့် ဆက်လက်ပါဝင်လာသည့် ပါတီသက်တမ်း ၁၅ နှစ်လောက်ရှိပြီဖြစ်သည့် NDF ပါတီကဲ့သို့ ပါတီတစ်ခုကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပါတီဝင်အင်အားကို ထပ်မံတောင်းခံ၍ စိစစ်ကာ ပြန်လည်စဉ်းစားသင့်ဟု ထောက်ပြမှုများရှိနေပါတယ်။ ပါတီမှတ်ပုံတင်ပယ်ဖျက်ခဲ့သည့် လေးပါတီတွင် သုံးပါတီသည် သတ်မှတ်ရုံးခန်းပြည့်မီအောင် မဖွင့်နိုင်ခြင်းဖြစ်ပြီး ကျန်တစ်ပါတီဖြစ်တဲ့NDF မှ, အင်အားမပြည့်ခြင်းဖြစ်ကြောင်း၊ NDF ပါတီသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် ပါတီမှတ်ပုံတင်ရရှိခဲ့ကြောင်း၊ ၂နှစ်နီးပါးကာလအတွင်း ၂၀၂၅ နှစ် သြဂုတ် ၁၅ ရက်မှစတင်၍ ပါတီအင်အားစာရင်းကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီအင်အားစာရင်းတင်ပြရန် ပါတီအားလုံးကို ၂၀၂၅ ခုနှစ် မေလခန့်ကတည်းက ကော်မရှင်အနေဖြင့် နှိုးဆော်တိုက်တွန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။