
မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၃၀
နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြတဲ့ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်း များကို အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုလိုက်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၁ဝ/၂ဝ၂၅ အရ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများသည် မနက်ဖြန် အောက်တိုဘာ ၁ ရက်မှစတင်၍ အပိုထောက်ပံ့ကြေးကျပ်(၃၀,၀၀၀)ကိုလစဉ်ခံစားခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။


နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပထမအကြိမ် နဲ့၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဒုတိယအကြိမ်အဖြစ် အပိုထောက်ပံ့ကြေး တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ ထောက်ပံ့ပေးခဲ့ပြီး ယခုထောက်ပံ့ကြေး ၃၀၀၀၀ကျပ်မှာ တတိယအကြိမ်မြှောက် နိုင်ငံတော်အစိုးရမှ ဝန်ထမ်းများကို ထောက်ပံ့ကြေးတိုးပေးခြင်းလည်း ဖြစ်ပါတယ်။
ထုတ်ပြန်ချက်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းများကိုလည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ်(၃၀,၀၀၀)ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ထပ်မံခံစားခွင့်ပြုခဲ့ကြောင်း နဲ့ ရာထူးမှ ခေတ္တချထားခြင်းခံရသော ဝန်ထမ်းများအား တည်ဆဲနည်းဥပဒေများအရ နေထိုင်စားသောက်မှုစရိတ်ထုတ်ပေးထားစဉ်အတွင်း၊ ပုံသေလစာရရှိသောဝန်ထမ်းများသည်လည်း အပိုထောက်ပံ့ကြေးရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
အလားတူ နေ့စားဝန်ထမ်းများနှင့် နေ့စား အလုပ်သမားများကိုလည်း လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက် ပံ့ကြေး ကျပ် ၂၀၀၀ အပြင် ထပ်မံ၍ ကျပ် ၁၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုရန်နှင့် နေ့စား အလုပ်သမားများအား နေ့စဉ် လုပ်ခ ကျပ် ၇၈၀၀ ကို ခွင့်ပြုရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာပါရှိပါတယ်။
#MyanmaGon