
မြန်မာ့ဂုဏ် အောက်တိုဘာ ၃
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်ရှိ မြင့်မြတ်မောင် ကုမ္ပဏီလီမိတက်၏ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံ၌ Dongfeng အမှတ်တံဆိပ် လျှပ်စစ်သုံးမော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုပါတယ်။
ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ ကုမ္ပဏီတာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး နိုင်ငံတော်အနေဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကိုဖွဲ့စည်းပြီး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ကြောင်း၊ မူဝါဒတွင် ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ဖွံ့ဖြိုးရေးလမ်းပြမြေပုံများ သတ်မှတ်ရေးဆွဲထားပြီးဖြစ်၍ မူဝါဒနှင့်အညီ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
စက်ရုံအနေဖြင့် မော်တော်ယာဉ်အစိတ်အပိုင်းများကို သတ်မှတ်ထားသည့်အတိုင်း ပြည်ပမှတင်သွင်း၍ တပ်ဆင်ထုတ်လုပ်နေရုံဖြင့် ကျေနပ်မနေဘဲ မော်တော်ယာဉ်၏ တချို့အစိတ်အပိုင်းများကို ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူအများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိကာ ဝင်ငွေတိုးတက်ရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် လုပ်ငန်းတာဝန်များကို အလေးထား ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါတယ်။
#Myanmagon